အမေရိကန် အခြေခံပညာရေး စနစ်အကြောင်း တစေ့တစောင်း
(၁)
တနင်္ဂနွေနေ့က SPEC Myanmar မှာ ‘အမေရိကန် နိုင်ငံရဲ့ အခြေခံ ပညာရေး စနစ်အကြောင်း’ ဆွေးနွေးပွဲလေး လုပ်ဖြစ်ခဲ့တယ်။ ပထမဦးဆုံးအကြိမ် အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးပွဲလေး လုပ်တာဖြစ်တဲ့အတွက် စိတ်ထဲမှာ နည်းနည်းတော့ ထင့်နေခဲ့မိတယ်။
ဆွေးနွေးပွဲမတိုင်ခင် တစ်ပတ်လောက်ကတည်းက ပရိုဂျက်တာတွေဆင်၊ အသံစနစ်တွေ စစ်ဆေး၊ မိုက်ကရိုဖုန်း ကောင်းမကောင်းစမ်း၊ အခန်းထဲမှာ လေအေးပေးစက် တစ်လုံးတည်း မလောက်မှာစိုးလို့ နောက်တစ်လုံး ထပ်တပ်၊ ကွန်ပျူတာကိုလည်း PC နဲ့ ပြောတာ ကောင်းလား၊ Mac နဲ့ဆို ပိုအဆင်ပြေမလား ယှဉ်ထိုးကြည့်၊ စကားပြောရင်လည်း ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာနဲ့ ပြောတာ ကောင်းမလား၊ ဗိုင်ဘာနဲ့ ပြောတာ ကောင်းမလား စမ်းသပ်၊ ကျောင်းရှေ့ ဧည့်ခန်းမှာ ထားမယ့် ဗီနိုင်းပိုစတာဒီဇိုင်းတွေကို ဒီဇိုင်းတွေချ၊ သည်ကြားထဲ ကလေးတွေ စာမေးပွဲဖြေနေချိန်မို့ ကျောင်းတွေနဲ့ အိမ်တွေမှာ ပန်းဖလက် ဝေခိုင်းတာတွေလုပ်၊ ကျောင်းကားကိစ္စ မေးမြန်းသူများတာကြောင့် ကျောင်းကားဆွဲသူတွေနဲ့ ချိတ်ဆက်ပြီး အချက်အလက်တွေ ရယူနဲ့ အလုပ်တွေ များနေခဲ့တယ်။
အင်္ဂါနေ့လောက်ကတည်းကစပြီး ဝန်ထမ်းတွေနဲ့ အစည်းအဝေးကို အွန်လိုင်းကနေ စလုပ်ကြည့်ခဲ့တယ်။ PC ရဲ့ webcam ကနေ ပရိသတ်ဖက်ကို မြင်ရတဲ့ အနေအထားက သိပ်မကောင်းတာကြောင့် iMac နဲ့ပဲသုံးမယ် ဆုံးဖြတ်လိုက်တယ်။ ဖြစ်ချင်တော့ SPEC Myanmar အတွက် ကျောင်းကြော်ငြာရိုက်ဖို့ရက်က စနေနေ့ဖြစ်နေပြီး ဆွေးနွေးပွဲလုပ်မယ့်နေ့က တနင်္ဂနွေနေ့ ဖြစ်နေတယ်။ ကျောင်းအုပ်နဲ့ ဝန်ထမ်းလေးတွေလည်း တတ်နိုင်သလောက် ကြိုးစားပေးကြတယ်။
SPEC Talk နေ့က စိတ်ဝင်တစား လာရောက်ဆွေးနွေးကြသူများ
….
(၂)
ဖေဖော်ဝါရီ (၁၀) ရက် တနင်္ဂနွေနေ့။
နယူးယောက်မှာတော့ စနေနေ့ ညဖက်ပဲ ဖြစ်နေခဲ့တယ်။ စနေနေ့က ကျွန်တော့်အတွက် တစ်နေ့လုံး စာသင်ရတဲ့နေ့။ မနက်ခင်းမှာ Brooklyn ကို ပြေးပြီး ၉ နာရီကနေ ၁၂ နာရီထိ SAT ဘာသာရပ်နဲ့ အလယ်တန်းကျောင်းသားတွေအတွက် အင်္ဂလိပ်စာနဲ့ သချာင်္သင်၊ နေ့လယ် ၁ နာရီကနေ ၃ နာရီထိက မြန်မာစာတန်းကိုသင်၊ ပြီးရင် Elmhurst ဖက်ကို ပြန်လာပြီး ၄ နာရီကနေ ၅ နာရီ ၁၅ ထိ မြန်မာစာ နောက်တစ်တန်းကိုသင်နဲ့ ကလေးတွေ အားလုံးလည်း ပြန်သွားရော ကျွန်တော်လည်း ဒေါင်းရောပဲ။
ညဖက် ဆွေးနွေးပွဲလုပ်နေချိန် အိပ်ငိုက်နေမှာ စိုးလို့ ၆ နာရီကနေ ၇ နာရီလောက်ထိ တစ်ရေးဝင်အိပ်လိုက်သေးတယ်။ နိုးလာတော့ ညစာစားဖို့ ထမင်းချက်၊ မနက်က အချိန်မရလို့ ဘုရားမရှိခိုးလိုက်ရတဲ့အတွက် အခန်းလေးထဲဝင်ပြီး ဘုရားရှိခိုး ပုတီးစိပ်၊ အွန်လိုင်းဆွေးနွေးပွဲလေးအတွက် အဆင်ပြေအောင် ကွန်ပျူတာနဲ့ မိုက်ကရိုဖုန်းကို နေရာချ၊ ကြည့်တဲ့သူတွေဖက်မှာ မှောင်နေမှာစိုးလို့ ဆလိုက်မီးတွေ သေချာပြင်ဆင်၊ မျက်နှာတွေသစ်၊ ဆံပင်တွေ သေချာပြန်ဖီး၊ အဝတ်အစားလဲပြီး ခဏထိုင်နေခဲ့လိုက်တယ်။
‘ဘာပြောရမလဲ’
ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်တော့လည်း ဘာမှမရေရာ။ ဟုတ်တယ်။ ဘာကိုပြောရမလဲ။
ခေါင်းစဉ်ကတော့ ‘အမေရိကန်နိုင်ငံရဲ့ အခြေခံ ပညာရေး စနစ်အကြောင်း’။
ဒါပေမယ့် ပွဲကိုလာမယ့် ပရိသတ်တွေကို အမေရိကန် အခြေခံ ပညာရေးအကြောင်းချည်းပဲ ပြောနေရင် ငြီးငွေ့သွားနိုင်တယ်။ ဘယ်လိုပရိသတ်မျိုးနဲ့ တွေ့မယ်ဆိုတာကိုလည်း မသိနိုင်သေး။ ပြီးတော့ သူတို့တွေ စာရင်းပေးထားပေမယ့် လာမှ လာပါ့မလား။ ငါမသိတာတွေ မေးရင် ဘယ်လိုလုပ်မလဲ။ ဘာတွေ ဖတ်ထားသင့်သလဲ။
ခေါင်းတွေ နည်းနည်းရှုပ်သွားတယ်။ အဲသည့်အချိန်မှာပဲ ရန်ကုန်က SPEC Myanmar ကျောင်းအုပ် မမေနန္ဒာက မက်ဆေ့ချ်ပို့လာတယ်။
‘ကိုရန်. ဆွေးနွေးပွဲအတွက် ပြောဖို့အဆင်သင့်ဖြစ်ပြီလား’ တဲ့။
ဗုဒ္ဓေါ။ အချိန်ကိုကြည့်လိုက်တော့ နာရီဝက်လိုသေးတယ်။ အသံစနစ်တွေ အဆင်ပြေမပြေ စမ်းသပ်ကြည့်ဖို့နဲ့ လိုတာလေးတွေမှာဖို့ ဗွီဒီယိုကောလ်ခေါ်လိုက်တယ်။ ပြီးတော့ ပရိသတ်တွေလာရင် ပေးဖတ်ဖို့ ဆောင်းပါးတစ်ချို့နဲ့ ပညာရေးဆိုင်ရာ အချက်အလက်တစ်ချို့ကို ပရင့်ထုတ်ခိုင်းလိုက်တယ်။ ပြင်ဆင်နေတုန်းမှာပဲ မမေက တိုးတိုးလေး ကပ်ပြောတယ်။
‘ကိုရန်. ဧည့်သည်တွေ ရောက်လာပြီ’
‘ဟင်. ဟုတ်လား’
စိတ်ထဲမှာ ဝမ်းလည်းသာသွားသလို စိတ်လည်းနည်းနည်း လှုပ်ရှားသွားခဲ့တယ်။ ပြီးတော့ ကိုယ့်ဖက်မှာ လုပ်နေကိုင်နေတာတွေ မပြီးသေးတဲ့အတွက်လည်း စိတ်နည်းနည်းပူသွားခဲ့တယ်။ အချိန်ကိုကြည့်လိုက်တော့ ၁၅ မိနစ်ပဲ ကျန်တော့တယ်။ ကံကောင်းတာ တစ်ခုက ကိုယ့်ခန္ဓာမှာ အပူဓာတ်တွေ များလာရင် ကိုယ့်ကိုယ်ကို သတိထားမိတတ်တာလေးပဲ။
မမေနဲ့ ဗွီဒီယိုကောလ် ခေါ်ထားတာကို ပြန်ချလိုက်တယ်။ မျက်လုံးကို မှိတ်လိုက်တယ်။ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ် လုပ်နေလိုက်တယ်။ လာမယ့် ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး၊ ရင်းရင်းနှီးနှီး စကားပြောနေမယ့် ပုံစံလေးကို မြင်ယောင်ကြည့်လိုက်တယ်။ ပြီးတော့ အရေးကြီးဆုံးအရာတစ်ခုအတွက် ကိုယ့်ကိုယ်ကို ပြောလိုက်တယ်။
‘ဒီဆွေးနွေးပွဲလေးလုပ်တာ နာမည်ကြီးချင်လို့မှ မဟုတ်ဘဲ။ မင်းက သူတို့အခက်အခဲတွေကို နားထောင်ပြီး မင်းသိထား၊ တတ်ထားသမျှကို ပြန်လည်မျှဝေပေးဖို့။ မင်းမသိတာတွေ ပါလာခဲ့ရင်လည်း ပွင့်ပွင့်လင်းလင်းပြောပြီး ဒါကိုတော့ မသိကြောင်း၊ မလေ့လာဖူးကြောင်း ဝန်ခံလို့ရတယ်။ အဓိကက ရိုးသားဖို့လိုတယ်။ စိတ်ဓာတ်ရှင်းနေဖို့လိုတယ်။ ဒီကို တကူးတကလာပြီး နားထောင်တဲ့ သူတို့ရဲ့ အချိန်နဲ့ အလုပ်စွမ်းအားကို လေးစားဖို့လိုတယ်။ မလိုတာတွေ မပြောနဲ့။ လိုတာတွေကို အိတ်သွန်ဖာမှောက် မခြွင်းမချန်ပြော။ ဒါ အရေးအကြီးဆုံးပဲ’
စိတ်ကိုငြိမ်အောင်ထိန်းပြီးသွားတော့ ရေတစ်ခွက် ထသောက်လိုက်တယ်။ စကားပြောနေရင်း သောက်လို့ရအောင် ရေတစ်ခွက်ကို ယူလာခဲ့လိုက်တယ်။
ရုံးခန်းလေးထဲက ဖိုင်တွဲကိုထုတ်ပြီး အထဲမှာ သိမ်းထားတဲ့ အခြေခံပညာရေး အချက်အလက်လေးတွေကို ယူလိုက်တယ်။ အွန်လိုင်းကနေ ပြလို့ရအောင် ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး စကင်(န်) ဖတ်လိုက်တယ်။ ဧည့်သည်တွေနဲ့ စကားပြောရင်း လိုက်မှတ်လို့ရအောင် ဘောလ်ပင်နဲ့ စာရွက်အလွတ်လေးတစ်ရွက်ကို ဘေးနားချထားလိုက်တယ်။ ကိုယ့်အသံကို ပြန်စမ်းကြည့်တယ်၊ အဆင်ပြေတယ်။ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ဝတ်ပြီး အပေါ်က ဝတ်နေကျ အပြာရောင် ကုတ်အင်္ကျီလေးကို ထပ်ဝတ်လိုက်တယ်။ ပြီးတော့ ဗိုက်ဘာ (Viber) မှာ စာရိုက်လိုက်တယ်။
‘မမေ ကျွန်တော့်ကို ခေါ်လိုက်တော့’
SPEC ကောင်းကင်ယံက ကြယ်လေးတွေ
….
(၃)
တစ်ဖက်က ပရိသတ်ကို လှမ်းမြင်ရတယ်။ သုံးယောက် ရောက်နေပြီ။
‘ဟိုင်း ကိုရန်အောင်’ တဲ့။
လက်ပြပြီး နှုတ်ဆက်ကြတယ်။ အစ်ကိုတစ်ယောက်ကတော့ လက်အုပ်ချီပြီး နှုတ်ဆက်လို့ ကျွန်တော်လည်း ပြန်ပြီး လက်အုပ်ချီရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်တယ်။ ‘ဆဝါဒီခ’ လို့ ပါးစပ်က ထွက်လုထွက်ဆဲ မနည်း ပြန်ထိန်းလိုက်နိုင်လို့ တော်သေးတယ်။
သူတို့ကို မိုက်ကရိုဖုန်းလေးတွေ လှမ်းပေးလိုက်ပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးဖို့ မေတ္တာရပ်ခံလိုက်တယ်။
‘ကျွန်မက …’
သေချာကြည့်လိုက်တော့ အဲသည့်အစ်မကို မှတ်မိသွားခဲ့တယ်။
‘နေဦး. အစ်မကို ကျွန်တော်သိတယ်။ အစ်မက မလှယမင်းခိုင် မဟုတ်လား’
အဲသည့်အစ်မက မိုက်ကရိုဖုန်းကို ကိုင်ရင်း သဘောကျသွားပြီး ရယ်တယ်။ ဘေးက အစ်ကိုက သူ့အမျိုးသားပါတဲ့။ သူတို့ရဲ့ သားလေးနာမည်က ထက်မြက်မင်းထွန်း။ တက္ကသိုလ်ဝင်တန်းမှာ မြန်မာတစ်နိုင်ငံလုံး စတုတ္တ အဆင့်ရထားတဲ့ ပညာထူးချွန်သူ သုံးထပ်ကွမ်း လူရည်ချွန်လေး။ သူတို့သားလေးရဲ့ ပညာရေးအတွက် ကျွန်တော်နဲ့ ဆွေးနွေးတိုင်ပင်ခဲ့ဖူးတယ်။ အခု ဆွေးနွေးပွဲလေးကို တက်ရောက်လာပြီး တစ်ယောက်နဲ့ တစ်ယောက်မျက်နှာကြည့်လို့ ဆွေးနွေးရတယ်ဆိုတော့လည်း ပိုပြီး ခင်မင်ရင်းနှီးသွားသလို ခံစားလိုက်ရတယ်။
နောက်တစ်ယောက်က ကိုမျိုးမင်းထွန်းတဲ့။ လက်ရှိမှာ အိုင်တီနည်းပညာကို လေ့လာလိုက်စားနေတယ်။ အမေရိကားကို ထွက်ပြီး ပညာတော်သင်ဆုနဲ့ ကျောင်းတက်ချင်လို့ ဒီနေ့ဆွေးနွေးပွဲကို လာနားထောင်တာပါတဲ့။
တစ်ခြား ဧည့်သည်တွေ မလာကြသေးတာနဲ့ သူတို့သိချင်တာလေးတွေကို အရင်ဆွေးနွေးပေးလိုက်တယ်။ အမေရိကားကို ကျောင်းလျှောက်တဲ့အခါမှာ သိသင့်သိထိုက်တာလေးတွေ၊ စကောလားရှစ်ကို ရှာတဲ့အခါမှာ ပြင်ဆင်ထားသင့်တာလေးတွေကို ပြောနေတုန်းမှာပဲ ဧည့်သည်တွေ တစ်အုပ်စုပြီး တစ်အုပ်စု ရောက်လာခဲ့ကြတယ်။
ပွဲလာပရိသတ်များ တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ကြ
တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ခိုင်းလိုက်တယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ ပါလာတာ သတိထားမိတယ်။ Victoria College မှာ HND တက်နေတဲ့ လူငယ်လေး တစ်ယောက်နဲ့ သူ့သူငယ်ချင်းကိုလည်း တွေ့တယ်။ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှာ ကထိကလုပ်နေတဲ့ ဆရာမ တစ်ယောက်နဲ့ သူ့ဦးလေး မော်လမြိုင်တက္ကသိုလ်က ဆရာဟောင်း တစ်ယောက်ကိုလည်း တွေ့လိုက်ရတယ်။
‘ကျွန်တော် အစက ရည်ရွယ်ထားတာက အခြေခံ ပညာရေးစနစ်အကြောင်းပါ၊ အခုတော့ ပရိသတ်အနေအထားအရ တက္ကသိုလ်တက်ချင်တဲ့သူတွေ များနေတော့ အဲဒီ့အကြောင်းလေးကိုပါ အသားပေးပြီး ဆွေးနွေးပေးသွားပါမယ်’
လာတက်ကြတဲ့ ဧည့်ပရိသတ်က တက္ကသိုလ်ကျောင်းသားအရွယ်လေးတွေ ပါသလို ကလေးငယ်တွေရဲ့ မိဘတွေလည်း ပါနေခဲ့တယ်။ သူတို့ကလေးတွေကို နိုင်ငံခြားလွှတ်ပြီး အခြေခံပညာကျောင်း (သို့) အထက်တန်းပညာရေးကို တက်ခိုင်းသင့်မသင့် ဆွေးနွေးချင်လို့တဲ့။ အဲဒါနဲ့ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှာ ကထိကလုပ်နေတဲ့ အစ်မ ခင်သဲနုကို လှမ်းမေးလိုက်တယ်။ ဆရာမတစ်ယောက်အနေနဲ့ ကျွန်တော့်ဆွေးနွေးပွဲလေးကို လာတက်တာကို စိတ်ဝင်စားမိတာကြောင့်ပါ။
‘အစ်မကရော ဒီနေ့ဆွေးနွေးပွဲကို ဘာကြောင့် လာတက်ဖြစ်တာလဲဆိုတာလေး ပြောပြပေးပါဦး’
မိုက်ကရိုဖုန်းကို လှမ်းယူပြီး အစ်မခင်သဲနုက မိတ်ဆက်ပါတယ်။
‘ကျွန်မက လက်ရှိမှာလည်း IGCSE နဲ့ TOEFL ကို သင်ပေးနေပါတယ်။ ကျွန်မ သင်ပေးနေတဲ့ ကလေးတွေအတွက် ဒီဆွေးနွေးပွဲလေးကနေ တစ်စုံတစ်ရာ အကျိုးရှိတာလေးများ ရခဲ့ရင် ပြန်ပြီး မျှဝေပေးချင်လို့ လာတက်တာပါ’ တဲ့။
ကျွန်တော့်ရင်ထဲ ပီတိတစ်ခု ဖြစ်ထွန်းသွားခဲ့တယ်။
‘ကျေးဇူး အစ်မရေ. အခုလိုမျိုး ပြန်ဖြန့်ဝေပေးမယ့် အစ်မတို့လို ဆရာမတွေ လာတက်တော့ ကျွန်တော်လည်း ဆွေးနွေးရတာ ပိုအားရှိသွားစေပါတယ်။’
ဘေးက ဦးလေးကိုမေးလိုက်တော့ ပြုံးပြုံးကြီးနဲ့ ဖြေတယ်။
‘ကျွန်တော်က ဦးတိုးတိုးအောင်ပါ။ သမီးရဲ့ ဘကြီးပါ။ သမီးကို ဒီနေ့လိုက်ပို့တာပါ’
အားရပါးရ ပြောလိုက်တဲ့ ဦးလေးကြီးကို ကင်မရာထဲကနေ လှမ်းကြည့်ပြီး ပြန်ပြုံးပြလိုက်တယ်။ ဦးတိုးက ဆက်ပြောတယ်။
‘ကျွန်တော်လည်း ကျောင်းဆရာဟောင်း တစ်ယောက်ပါ။ မော်လမြိုင် တက္ကသိုလ်မှာ Demonstrator အဖြစ် အမှုထမ်းခဲ့ပါတယ်။ Marine Search Department မှာ လုပ်တာပါ။ ၁၉၈၀ ကနေ ၈၉ ထိ လုပ်ခဲ့ဖူးပါတယ်။ ကံကြမ္မာ အလွှဲအပြောင်းကြောင့် ကျွန်တော် အပြင်ရောက်လာပါတယ်။’
ကိုယ့်အလုပ်ကို ဂုဏ်ယူသလို လွမ်းဆွတ်တမ်းတနေတဲ့ အသံလေးတစ်ခုကို ကျွန်တော်ခံစားမိလိုက်တယ်။
‘Marine Search နဲ့ Biology ဆိုတော့ သိပ်ကောင်းတဲ့ ဘာသာရပ်ပဲ ဦးတိုးရေ. တစ်နေ့ ကျွန်တော် အွန်လိုင်းကနေ စာသင်တဲ့ ပလက်ဖောင်းလေး အဆင်ပြေသွားတဲ့အချိန်ကျရင် Biology ဘာသာရပ်ကို ဦးတိုးလည်း စာဝင်သင်ပေးပါလို့ ကြိုပြီး ဖိတ်ခေါ်လိုက်ပါတယ်’
ဦးတိုးက ဝမ်းသာအားရ ပြန်ဖြေတယ်။
‘လိုတဲ့အချိန်သာ ပြောပါ ဆရာ. ကူညီဖို့ အသင့်ပါပဲ’ တဲ့။
အမေရိကန် ကျောင်းတွေရဲ့ အမှတ်ပေးပုံတွေအကြောင်း ရှင်းလင်းဆွေးနွေး
….
(၄)
လူတွေလည်း စုံသလောက်ရှိသွားတဲ့အတွက် ကျွန်တော်ပြောမယ့် အကြောင်းအရာလေးတွေကို စဦးတည်လိုက်တယ်။ အမေရိကန် အခြေခံပညာရေး စနစ်မှာ ကလေးတွေကို ဘယ်အရွယ်ကနေ စပြီး လက်ခံတဲ့အကြောင်း၊ သင်ရတဲ့ ဘာသာရပ်အကြောင်း၊ အမှတ်ပေးတဲ့ပုံစံ Marking Period တွေ အကြောင်း၊ အထက်တန်းအောင်လက်မှတ်ရဖို့အတွက် ဘယ်လိုမျိုး Credits တွေ ပြီးအောင် လေ့လာသင်ယူဖို့လိုကြောင်း စတာတွေကို သိထားသမျှ ပြောပြဖြစ်ခဲ့တယ်။
ပရိသတ်ထဲကနေ အစ်မတစ်ယောက်က ထမေးတယ်။ သူ့သမီးလေးကို ရန်ကုန်က နိုင်ငံတကာ သင်ရိုးနဲ့ သင်တယ်ဆိုတဲ့ ကျောင်းတစ်ကျောင်းမှာ ထားထားကြောင်း၊ သင်ကြားရေးစနစ် သိပ်ထိရောက်မှု မရှိတဲ့အတွက် ကျောင်းနုတ်ပြီး အိမ်မှာပဲ ဆရာငှားသင်ပေးဖို့ Home Schooling လုပ်မယ်ဆိုရင် ဖြစ်နိုင်မဖြစ်နိုင် သိချင်ပါကြောင်း မေးတဲ့အတွက် High School Graduation Requirement ဇယားကွက်လေးကို ယူပြီး သေသေချာချာ ပြန်ရှင်းပြပေးဖြစ်ခဲ့တယ်။
စာကို အိမ်မှာ သင်တာ ဖြစ်နိုင်ပေမယ့် နိုင်ငံခြားကို လွှတ်ပြီး တက္ကသိုလ်တက်ခိုင်းတော့မယ့် ကလေးတစ်ယောက်အတွက် အမေရိကန် ပညာရေးစနစ်က သတ်မှတ်ထားတဲ့ အရာတွေထဲမှာ ကျောင်းစာတစ်ခုတည်းသာမကဘဲ ကိုယ်လက်လှုပ်ရှားအားကစားတွေ၊ ကျောင်းပြင်ပ လှုပ်ရှားဆောင်ရွက်မှုတွေ၊ အသင်းအဖွဲ့လိုက် ဆောင်ရွက်ရတဲ့ Volunteer လုပ်ဆောင်မှုတွေ၊ အထက်တန်းကျောင်းသား တစ်ယောက် ပြီးမြောက်ရမယ့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးက Credits တွေလည်း ရှိနေသေးတာကြောင့် Home Schooling နဲ့ လုပ်မယ်ဆိုရင် လစ်ဟာမှုတွေ ကြုံတွေ့လာနိုင်တဲ့အကြောင်း မေးတဲ့အစ်မ နားလည်အောင် အေးအေးဆေးဆေး ပြန်ရှင်းပြပေးခဲ့လိုက်တယ်။
ပရိသတ်ထဲမှာ အန်တီမေ (ဒေါ်မေသာလှ) ကို ဖျတ်ခနဲ တွေ့လိုက်တာကြောင့် ဝမ်းသာအားရ ခေါ်ပြီး နှုတ်ဆက်ဖြစ်ခဲ့တယ်။
‘အန်တီမေ. I miss you so much. လာတာကျေးဇူးအရမ်းတင်တယ်.’
အန်တီမေကြီးက ပြုံးပြီး ကြည့်နေတယ်။
သူနဲ့ ကျွန်တော်က ၂၀၁၂ ခုနှစ် မြန်မာပြည်ကို ကျွန်တေ်ာပြန်သွားခဲ့ချိန်မှာ သူ့ရဲ့ ပရော့ဂျက်တစ်ခုအတွက် မြန်မာစကားပြန်တစ်ယောက် လိုနေတာမိို့ ကြားက မိတ်ဆွေတစ်ယောက်က အကူအညီတောင်းတာနဲ့ ကျွန်တော့်ဖက်က လိုက်လုပ်ပေးဖြစ်ခဲ့တယ်။ အဲသည့်တုန်းက ရန်ကုန်နဲ့ မော်လမြိုင်မှာ ရှိတဲ့ ဆိုင်တွေ တေ်ာတော်များများကို လိုက်ပြီး အင်တာဗျူးဖြစ်ခဲ့တယ်။ ရန်ကုန်ပြန်ရောက်တော့ သူတည်ထောင်ထားတဲ့ Helping the Burmese Delta ဆိုတဲ့ အဖွဲ့အစည်းလေးနဲ့ လက်တွဲပြီး အလုပ်ဆက်လုပ်ဖြစ်ခဲ့ပြန်တယ်။
အန်တီမေကြီးက ဘိုကလေးနဲ့ မြစ်ဝကျွန်းပေါ်ထဲက နာဂစ်ဒဏ်ခံခဲ့ရတဲ့ ရွာလေးတွေမှာ သူ့အဖွဲ့အစည်းက တည်ထောင်ထားတဲ့ ကျောင်းပေါင်း ၃၀ လောက်ရှိနေပြီဖြစ်ကြောင်း၊ အဲဒီ့နေရာလေးတွေကို သွားပြီး Documentary လေးတစ်ခု ရိုက်တဲ့အခါမှာ ကလေးတွေနဲ့ စကားအပြန်အလှန်ပြောပေးဖို့ စကားပြန် လုပ်ပေးနိုင်မလား ထပ်ခေါ်တော့ ဝမ်းသာအားရပဲ ကူညီပေးဖြစ်ခဲ့ပြန်တယ်။
အဲသည့်တုန်းက ရေကျော်တိုးဆိုတဲ့ ရွာလေးကို အသွားမှာ တွေ့ခဲ့ရတဲ့ ပွင့်လင်းဖော်ရွေလှတဲ့ ရွာသူရွာသားတွေ၊ နာဂစ်ဒဏ်ခံခဲ့ရတဲ့အကြောင်းကို ဆွေးဆွေးမြည့်မြည့် ပြန်ပြောပြနေတဲ့ ရေလုပ်သားဦးကြီးတွေ၊ လှေပေါ်က တက်လာတဲ့ ကျွန်တော်တို့ရဲ့ ခြေထောက်ဆေးရအောင်ဆိုပြီး ရေပုံးလေးတွေကိုင်လို့ ပြေးလာတဲ့ ကျောင်းဝတ်စုံ ဖရိုဖရဲနဲ့ ကလေးငယ်လေးတွေ၊ စကားပြန်အစ်ကိုကြီး စားဖို့အတွက်ဆိုပြီး လတ်လတ်ဆတ်ဆတ် ပြုတ်လာတဲ့ ဥတွေအများကြီးပါတဲ့ ဂဏန်းတွေ၊ ကျွန်တော်အားရပါးရ စားနေတာကို ဘေးကနေ လာထိုင်ကြည့်ပြီး ထပ်ယူဦးမလား အစ်ကိုကြီးလို့ မေးနေတဲ့ ကလေးလေးတွေ၊ လှေကို ကိုယ်တိုင်လှော်ပြီး ကျောင်းသွားတက်ကြတဲ့ မိန်းကလေးငယ်လေးတွေ၊ ထမိန်လေးကို မလို့ ရွှ့ံတောတွေထဲ ဖြတ်နင်းသွားတဲ့ မီးအိမ်ရှင် ဆရာမလေးတွေ၊ စက်လှေသံ တဘုတ်ဘုတ်ကြားရတဲ့ ချောင်းရိုးလေးတလျှောက်က ပဲ့တင်ထပ်သံလေးတွေနဲ့ မိကျောင်းခြေရာတွေ…
စိတ်ကူးအစဉ်ထဲမှာ ပုံရိပ်လေးတွေက တဖျတ်ဖျတ် ပြေးလွှားသွားခဲ့တယ်။ အဲသည့်အကြောင်းလေးတွေကို တစ်နေ့နေ့တော့ သေချာလေး ရေးဖြစ်ပါဦးမယ်။
‘အခု ကျောင်း ဘယ်နှစ်ကျောင်း ဆောက်ပြီးသွားပြီလဲ အန်တီမေကြီး’
အန်တီမေကြီးက ပရိုဂျက်တာ မျက်နှာပြင်ပေါ်က ကျွန်တော့်ကို လှမ်းကြည့်ပြီး ဖြေတယ်။
‘အခု ကျောင်းပေါင်း ၃၅ ကျောင်း ရှိသွားပြီ ကိုရန်အောင်. အဲဒီ့တုန်းက အတူတူ အလုပ်လုပ်ခဲ့တာတွေကိုလည်း သတိရပါတယ်. ဒီတစ်ခါပြန်လာရင်လည်း တွေ့ချင်ပါသေးတယ်’
အန်တီမေကြီးအကြောင်းကို ပရိသတ်သိအောင် နည်းနည်းပြန်လှည့်ပြောပြဖြစ်ခဲ့တယ်။
‘အားလုံးကို မိတ်ဆက်ပေးချင်ပါတယ်။ အန်တီမေ (သို့မဟုတ်) ဒေါ်မေသာလှက မြန်မာပြည်မှာ ထင်ရှားတဲ့ ဆရာကြီး ဒေါက်တာသာလှရဲ့ သမီးပါ။ ဧရာဝတီတိုင်းဖက်မှာ နာဂစ်ဒဏ်ခံခဲ့ရတဲ့ ကျေးရွာတွေ၊ လူသူအရောက်အပေါက်နည်းတဲ့ ဒေသူတွေမှာ စာသင်ကျောင်းတွေကို စေတနာနဲ့ လိုက်ဆောက်ပေးပြီး အစိုးရအသိအမှတ်ပြု ကျောင်းလေးတွေဖြစ်အောင် လုပ်ပေးနေတာပါ။’
အားလုံးက အန်တီမေကို ပြုံးပြီး နှုတ်ဆက်ကြတယ်။ တစ်ဆက်တည်းမှာပဲ ခုနက ကျွန်တော်ဆွေးနွေးနေဆဲဖြစ်တဲ့ ကျောင်းပြင်ပ လှုပ်ရှားဆောင်ရွက်မှုလေးတွေအကြောင်းကို ကျွန်တော် ဦးတည်လိုက်တယ်။
‘အခု အမေရိကားကို ကျောင်းတက်ဖို့ ကြိုးစားနေကြတဲ့ သားသားထက်မြက်မင်းထွန်းတို့၊ ကိုမျိုးမင်းထွန်းတို့၊ ကိုကောင်းမြတ်တို့လည်း အဲလိုမျိုး လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ထားမယ်ဆိုရင် စကောလားရှစ် လျှောက်တဲ့အခါမှာ အားသာချက်တစ်ခု ဖြစ်ပါလိမ့်မယ်။ အန်တီမေကြီးကလည်း လူငယ်တွေကို Volunteer လုပ်ခွင့်လေးပေးပြီး ကူညီပေးစေချင်ပါတယ် ခင်ဗျာ။ ဒီနေ့ ဆွေးနွေးပွဲလေးကို လာတဲ့သူတွေ အားလုံးလည်း အချင်းချင်း ဆက်သွယ်ဖို့ ဖုန်းနံပါတ်လေးတွေ၊ အီးမေးလ်လေးတွေ ဖလှယ်ထားစေချင်ပါတယ်။ အချင်းချင်း တတ်နိုင်သလောက် အပြန်အလှန် ကူညီလို့ ရအောင်ပါ။’
ကျောင်းမှာ သင်ပေးတဲ့ ဘာသာရပ်တွေအကြောင်း စုံစမ်းမေးမြန်းကြ
အန်တီမေကြီးနဲ့ မိတ်ဆက်ပြောဆိုကြ
အဲသည့်နောက် ကျွန်တော် ဆွေးနွေးနေတဲ့ အကြောင်းအရာလေးကို နိဂုံးချုပ်လိုက်ပြီး အမေးအဖြေကဏ္ဍလေးကို လုပ်ပေးခဲ့ပါတယ်။ အန်တီမေကပဲ စမေးတယ်။
‘အခု အသစ်ပြောင်းလိုက်တဲ့ ပညာရေး စနစ်သစ်က ဘယ်လိုတွေများ အပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ ထင်လဲ၊ ကလေးတွေ တကယ်စာတတ်လာနိုင်လား၊ ကိုရန်အောင်တို့ကျောင်းကရော ဘယ်လိုတွေများ ပြင်ဆင်ပေးမှာလဲ’
ကျွန်တော်တစ်ချက်ပြုံးလိုက်တယ်။
‘ဒီမေးခွန်းလေးကို ဖြေပေးဖို့ အသင့်တော်ဆုံးသူကတော့ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်က ဆရာမဖြစ်သူ မခင်သဲနုပဲ ဖြစ်ပါတယ်။ အန်တီမေရဲ့ မေးခွန်းအတွက် ကျေးဇူးပြုပြီး ဖြေပေးပါ’
မခင်သဲနုက မိုက်ကရိုဖုန်းကို ယူလိုက်ပြီး ပြန်ဖြေတယ်။
‘အခုလက်ရှိ ပြောင်းလိုက်တဲ့ စနစ်က ကောင်းပါတယ်။ ဒါပေမယ့် အဲဒါကို အကောင်အထည်ဖော်မယ့် ဆရာ၊ ဆရာမတွေကို လေ့ကျင့်သင်ကြားပေးဖို့လည်း အရေးကြီးပါတယ်။ မဟုတ်ရင်တော့ အပြောင်းအလဲက စာအုပ်ထဲမှာပဲ ရှိနေပြီး အပြင်မှာ လက်တွေ့ဖြစ်လာဖို့ မလွယ်လှပါဘူး။ Creative Thinking လိုမျိုး စဉ်းစားနိုင်စွမ်း ရှိဖို့အတွက်ကျတော့ ဆရာ၊ ဆရာမတွေကိုယ်တိုင်က ဘယ်လိုသင်ပေးရမယ်ဆိုတာကို နားလည်နေဖို့ လိုပါတယ်။ ဒီလိုဟာကွက်မျိုးကိုတော့ အခု ကိုရန်အောင်တို့ ဖွင့်လိုက်တဲ့ SPEC Myanmar ကျောင်းလေးက လေ့ကျင့်ပေးနိုင်မယ်ဆိုရင် တော်တော်လေး အဆင်ပြေမှာပါ။’
အဲသည့်နောက် အစ်မတစ်ယောက်က မေးပြန်တယ်။
‘Home schooling လုပ်ပြီး SAT ကို အပြင်ကနေ ဖြေမယ်ဆိုရင် သင့်မသင့်လေးကို ဆွေးနွေးပေးပါဦး ဆရာ’ တဲ့။
အဲသည့်မေးခွန်းလေးကို ကျွန်တော့်ဖက်က အစောပိုင်းမှာ ဆွေးနွေးပြီးသားဖြစ်တာရယ်၊ မခင်သဲနုရဲ့ အမြင်လေးကိုလည်း ကြားချင်တာရယ်ကြောင့် သူ့ကိုပဲ ဆက်ဖြေဖို့ တိုက်တွန်းလိုက်ပါတယ်။
‘Home Schooling လုပ်တဲ့ မိဘတစ်ချို့နဲ့လည်း စကားပြောခဲ့ဖူးတယ်။ ဘာဖြစ်လဲဆိုတော့ ခုနက ကိုရန်အောင် ဆွေးနွေးသွားသလိုပဲ High School ကျောင်းသားတစ်ယောက်အတွက် သူတို့ဆီက သတ်မှတ်ထားတဲ့ စံနှုန်းတွေ၊ ဘာသာရပ်တွေကို လိုက်ဖြည့်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ အရာတစ်ခု ဖြစ်နေတယ်။ အဲဒါကြောင့် ဆယ်တန်းအောင်လက်မှတ်လိုမျိုး၊ ဒါမှမဟုတ် IGCSE လက်မှတ်လိုမျိုး ထုတ်ပေးနိုင်တဲ့ ကျောင်းရဲ့ အသိအမှတ်ပြု လက်မှတ်ကို ယူထားနိုင်မှသာ နိုင်ငံခြား တက္ကသိုလ်တွေကို လျှောက်တဲ့အခါ အဆင်ပြေမယ်လို့ ကျွန်မထင်မိပါတယ်’
မခင်သဲနုကို ကျေးဇူးတင်စကားပြန်ပြောဖြစ်ခဲ့လိုက်တယ်။ ဆွေးနွေးပွဲဆိုတာ တစ်ဖက်သတ်မဟုတ်ဘဲ သည်လိုမျိုး အပြန်အလှန် ပြောဆိုဆွေးနွေးနေရမှာ။ ဒါမှ တကယ့်ကို သရုပ်ပေါ်မှန်ကန်တဲ့ အသိပညာဖလှယ်ပွဲ။ အဲသည့်နောက် တစ်ခြားဧည့်ပရိသတ်တွေထဲက သိချင်တဲ့ မေးခွန်းလေးတွေကို ပြန်ဖြေပြီး ဆွေးနွေးပွဲလေးကို အောင်မြင်စွာ ရုပ်သိမ်းလိုက်နိုင်ခဲ့တယ်။
‘ရှေ့တစ်ပတ် ကျွန်တော်နားပါမယ်။ နောက်လာမယ့် နှစ်ပတ်မြောက်ကျရင်တော့ အမေရိကန် အထက်တန်းပညာရေး စနစ်အကြောင်းကို အသေးစိတ် ဆွေးနွေးသွားပါမယ်။ အချိန်ရရင် လာခဲ့ဖို့လည်း ဖိတ်ခေါ်ပါတယ်။ မပြန်ခင် အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်သွားဖို့လည်း တိုက်တွန်းပါတယ်ခင်ဗျာ. အားလုံးပဲ နောက်မှ ပြန်တွေ့ပါမယ်.’
သူတို့အားလုံးကို ကျွန်တော် လက်ပြလိုက်တယ်။ အားလုံးက ကျွန်တော့်ကို ပြန်ပြီး လက်ပြနှုတ်ဆက်ကြတယ်။
မပြန်ခင် အမှတ်တရ ဓာတ်ပုံရိုက်ကြ
….
(၅)
ကွန်ပျူတာလေးကို ပိတ်လိုက်တယ်။ ဝတ်ထားတဲ့ ကုတ်အကျင်္ီလေးကို ချိတ်မှာ ပြန်ချိတ်လိုက်တယ်။ ဘေးနားမှာ ချထားတဲ့ ရေခွက်လေးထဲက ရေကို အကုန်မော့သောက်လိုက်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တယ်။
‘Well, I did it!’
အားလုံးကို ချစ်ခင်လေးစားလျက်
Yan Aung
Believing is Achieving!
Success Prep Education Center
info@successpreptutoring.com www.successpreptutoring.com
SPEC ၏ ကျောင်းခွဲများ ---------------------------
🇺🇸 Center I (HQ.) 8710, 51st Avenue, 1S & 1R Elmhurst, NY 11373. ☎️ + (1) 347 642 8393
🇺🇸 Center II 59 Lake Street Brooklyn, NY 11223. ☎️ + (1) 626 464 3058
🇲🇲 Center III SPEC MYANMAR 133, Mill Road, Suite 602 Mingalar Taung Nyunt, Yangon MYANMAR. ☎️ + (95) 9 898 808 869
SPEC Myanmar FaceBook: https://www.facebook.com/specmyanmar/