SPECtarian of 2026: Candice Yeung
- 6 hours ago
- 2 min read
အားလုံးပဲ မင်္ဂလာပါခင်ဗျာ…
Success Prep Education Center ဟာ ၂၀၁၅ ခုနှစ်ကတည်းက စတင်ပြီး ပညာတော်သင်ဆုရ ကျောင်းသူကျောင်းသားများကို နှစ်စဉ်နှစ်တိုင်း လေ့ကျင့်မွေးထုတ်ပေးလျက် ရှိပါတယ်။ အမေရိကန်နိုင်ငံ တက္ကသိုလ်ပညာရေးစနစ်များ အကြောင်းကို မိဘများနဲ့ ကျောင်းသူကျောင်းသားများ အကြား ဗဟုသုတ ပြန့်ပွားစေရန်အတွက် ပညာရေးဆိုင်ရာ ဟောပြောပွဲများကိုလည်း အခါအားလျော်စွာ စီစဉ်ပြုလုပ်ပေးလျက် ရှိပါတယ်။
၂၀၂၆ ခုနှစ်အတွက် ပညာတော်သင်ဆုရ ကျောင်းသူကျောင်းသားများထဲမှာ ပထမဦးဆုံး ပွဲထုတ်မိတ်ဆက်ပေးလိုတာကတော့ ကျောင်းသူလေး Candice ပဲ ဖြစ်ပါတယ်။
Success Prep နှင့် စတင်ဆုံစည်းခဲ့ပုံ
Candice ရဲ့ မိခင်ဟာ ဟာဝိုင်ယီပြည်နယ်ကနေ နယူးယောက်မြို့ကို ပြောင်းလာခဲ့တဲ့ စာရင်းကိုင်တစ်ဦး ဖြစ်ပြီး Success Prep Brooklyn ကျောင်းခွဲလေးအကြောင်းကို အခြားမိဘတစ်ဦးဆီက တဆင့်ကြားသိရတဲ့အတွက် အချိန်းအချက်ပြုလုပ်ပြီး ကျောင်းကို ရောက်ချလာခဲ့ပါတယ်။ ပထမဦးဆုံး သူမေးတဲ့ မေးခွန်းက သူ့သမီးအတွက် တက္ကသိုလ်ကောင်းကောင်း တစ်ခုကို ပညာတော်သင်ဆုနဲ့ ဝင်ခွင့် ရနိုင်မလား ဆိုတာပါပဲ။
သူနဲ့ တစ်နာရီလောက် ထိုင်ဆွေးနွေးပြီး Succes Prep က Coaching လုပ်ပေးနေတဲ့ College Admission Consulting Program အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြပေးခဲ့ပါတယ်။ အဲ့ဒါနဲ့ တစ်ထိုင်တည်း ဆုံးဖြတ်ပြီး SAT Prep Program နဲ့ College Admission Program နှစ်ခုလုံးကို တပြိုင်တည်း အပ်သွားခဲ့ပါတယ်။
ပညာရေးနှင့် ကျောင်းပြင်ပလှုပ်ရှားဆောင်ရွက်မှုများ
ကျောင်းသူလေး Candice ဟာ Success Prep က ဆရာ၊ ဆရာမတွေ ချမှတ်ပေးတဲ့ လမ်းကြောင်းကို တစိုက်မတ်မတ်နဲ့ လျှောက်ခဲ့ရုံတင်မကဘဲ ကျောင်းပြင်ပလှုပ်ရှား ဆောင်ရွက်မှုများ (သို့) Extrcurricular Activities များကိုလည်း ၁၁ တန်းနှစ်မှာ အချိန်အပိုင်းအခြားအလိုက် တိတိကျကျ လှုပ်ရှားပါဝင်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ သူမရဲ့ Grade Point Average (GPA) ကို 99% နားရောက်အောင် ကြိုးစားပြီး ထိန်းထားခဲ့ပါတယ်။
သူမဟာ Visual Arts မေဂျာကို စိတ်ဝင်စားတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက Mark Twain Gifted and Talented Program နဲ့ အလယ်တန်းကျောင်းကို ဝင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီ့နောက် အထက်တန်းကျောင်းအတွက် Specialized High School ကျောင်းတစ်ကျောင်းဖြစ်တဲ့ Fiorello H. Laguardia High School of Music & Art ကျောင်းကို တက်ရောက်ဖို့ ရွေးချယ်ခံခဲ့ရပြန်ပါတယ်။
သူမရဲ့ အထူးကျွမ်းကျင်မှုကတော့ iPad ပေါ်မှာ ပန်းချီများ ရေးဆွဲခြင်းပဲ ဖြစ်ပါတယ်။ ကျောင်းတွေလျှောက်တဲ့အခါမှာ သူမရဲ့ ကျွမ်းကျင်ရာ ပန်းချီပညာနဲ့ Portfolio တည်ဆောက်ပြီး Admission Essay များနဲ့အတူ တင်သွင်းလျှောက်ထားခဲ့ပါတယ်။
Standardized Test အမှတ်ကောင်းရန် ကြိုးစားခြင်း
သမီးငယ် Candice ဟာ Success Prep ကို ရောက်ခါစမှာ Digital SAT ရမှတ် ၁၁၀၀ ကျော်ပဲ ရှိခဲ့ရာကနေ ၈ လအတွင်း နောက်ဆုံးတစ်ခေါက် ဖြေဆိုခဲ့ရာမှာတော့ သူလိုချင်တဲ့ ၁၃၃၀ ရမှတ်ကို ရရှိခဲ့ပါတယ်။ Success Prep ဆရာ၊ ဆရာမများရဲ့ လမ်းညွှန်မှုအောက်မှာ အချိန်တိုအတွင်း 230 Points မြင့်တက်လာအောင် ကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။
ကျောင်းဝင်ခွင့် အက်ဆေးများ ရေးသားခြင်း
Senior Year မှာတော့ Candice ဟာ Success Prep ကျောင်းအုပ်ဖြစ်တဲ့ ဆရာရန်အောင်ရဲ့ College Admission Coaching သင်တန်းကို တက်ရောက်ပြီး မိမိတက်ရောက်လိုတဲ့ မေဂျာအလိုက် တက္ကသိုလ်ကျောင်းများကို စနစ်တကျ ရွေးချယ်ခြင်း၊ ပညာတော်သင်ဆုများ ရွေးချယ်လျှောက်ထားခြင်း၊ ကိုယ်ရေးရာဇဝင် Resume ရေးသားခြင်း၊ ဆရာထောက်ခံစာ (Recommendation Letters) များ အချိန်ကိုက် ရယူခြင်း၊ Personal Statement (သို့) ကျောင်းဝင်ခွင့် အက်ဆေးများ ရေးသားခြင်း စတာတွေကို ဆက်တိုက် ကြိုးစားအားထုတ်ခဲ့ပါတယ်။
ပညာသင်စရိတ်ထောက်ပံ့ငွေရရှိရန် FAFSA & CSS ဖိုင်များ ဖြည့်စွက်ခြင်း
Candice ရဲ့ မိဘနှစ်ပါးဖက်ကနေ ကျောင်းစရိတ်အတွက် တစ်နှစ်ကို အများဆုံး ထောက်ပံ့ပေးနိုင်မယ့် ပမာဏကို မူတည်ပြီး FAFSA (Free Application for Federal Student Aid) နဲ့ ပုဂ္ဂလိက တက္ကသိုလ်တွေကို လျှောက်ထားရာမှာ ထပ်မံဖြည့်စွက်ရတဲ့ CSS (College Scholarship Service) Profile တွေကို တင်သွင်းလျှောက်ထားခြင်းတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။
မိဘနှစ်ပါးလုံးရဲ့ ဝင်ငွေ၊ အိမ်ပိုင်ဆိုင်မှု၊ ကြွေးမြီစာရင်း၊ လစဉ်အသုံးစရိတ်၊ ကျောင်းစရိတ်၊ တက္ကသိုလ်တက်ရောက်နေဆဲ အခြားသားသမီးများအကြောင်း စသည်ဖြင့် စုံလင်စေ့စပ်အောင် ဖြည့်စွက်ရတဲ့အတွက် CSS Profile ဟာ အရမ်းကို အရေးကြီးပါတယ်။
ဝင်ခွင့် ရရှိသည့်ကျောင်းများနှင့် ပညာတော်သင်ဆု ပမာဏ
အားလုံးကို သုံးသပ်ပြီးတဲ့နောက် Candice အတွက် ကျောင်း (၁၂) ကျောင်းကို Reach အတွက် (၄) ကျောင်း၊ Match အတွက် (၄) ကျောင်းနဲ့ Safety အတွက် (၄) ကျောင်းစီ ရွေးချယ်လျှောက်ထားပေးခဲ့ပါတယ်။ အဲ့ဒီ့ထဲမှာမှ Reach (၃) ကျောင်းပဲ ဝင်ခွင့် ငြင်းပယ်ခံခဲ့ရပြီး အခြား (၉) ကျောင်းလုံးကို ပညာတော်သင်ဆု အသီးသီးနဲ့ ဝင်ခွင့်တွေ ရရှိခဲ့ပါတယ်။
ဝင်ခွင့်ရခဲ့တဲ့ တက္ကသိုလ်တွေကတော့
(၁) Fordham University
(၂) The New School
(၃) Pratt Institute
(၄) School of Visual Arts
(၅) Fashion Institute of Technology
(၆) Purchase College
(၇) Stony Brook University
(၈) Hunter College
(၉) Baruch College
အဲဒီ့ထဲကမှ Financial Aid အများဆုံးပေးတဲ့ နယူးယောက်မြို့ပေါ်က Fordham University ကို တက်ရောက်ဖို့ သူမ ရွေးချယ်ခဲ့ပါတယ်။
Fordham University ရဲ့ တစ်နှစ်တာ ခန့်မှန်းကုန်ကျစရိတ်က $80,034 ဖြစ်ပြီး သမီးငယ်လေး Candice ဟာ အောက်ပါ Scholarship တွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။
Fordham Jogues Scholarship ($10,000)
Fordham Metro Grant ($15,000)
Fordham Need-based Grant ($42,800)
NYS TAP Grant Fall Estimate ($500)
NYS TAP Grant Spring Estimate ($500)
Total Scholarships and Grants ($68,800)
Full Ride Scholarship ရရှိခြင်း
အခုရရှိထားတဲ့ ပညာတော်သင်ဆု ပမာဏရယ်၊ Student Loan ($5,500) ရယ် ပေါင်းလိုက်ရင် တစ်နှစ်အတွက် သူမ မိဘများက ပေးရမယ့် ပညာသင်စရိတ်ဟာ $1,994 ပဲ ရှိပါတော့တယ်။ ဒါကို သူမရရှိမယ့် FAFSA ပမာဏထဲက နှုတ်လိုက်မယ်ဆိုရင် တစ်ပြားမှ ပေးစရာမလိုတော့တဲ့အတွက် Full Ride Scholarship ရရှိသွားတယ်လို့ ဆိုလို့ရပါတယ်။
Success Prep မှ ဆုမွန်ကောင်းတောင်းပေးခြင်း
အခုလိုမျိုး Success Prep ရဲ့ SAT Prep Program နဲ့ College Coaching Program တွေမှာ လုံ့လဝီရိယစိုက်ထုတ်ပြီး ကြိုးစားခဲ့တဲ့ သမီးငယ်လေး Candice တစ်ယောက် Fordham University ကြီးမှာ ပညာဆက်လက် ဆည်းပူးပြီး သူမရဲ့ ရည်မှန်းချက်တွေ အောင်မြင်နိုင်ပါစေလို့ Success Prep က ဆရာ၊ ဆရာမများ အားလုံးက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
အားလုံးကို ချစ်ခင်လေးစားလျက်
Yan Aung




Comments