ကောလိပ်ဝင်ခွင့် အက်ဆေးရေးနည်း ဟောပြောပွဲ

သည်တစ်ပတ် တနင်္ဂနွေနေ့က SPEC Talk အမှတ်စဉ် (၅) ကို အွန်လိုင်းကနေ လုပ်ဖြစ်ခဲ့တယ်။ ဟောပြောဖြစ်ခဲ့တဲ့ ခေါင်းစဉ်ကတော့ 'How to write a winnning College Admission Essay?' တဲ့။

ပထမဦးဆုံး ဟောပြောပွဲကို လာတက်တဲ့ ကျောင်းသားမိဘတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ တစ်ဦးချင်း မိတ်ဆက်ပြီး သူတို့အကြောင်းလေးတွေကို မေးမြန်းလို့ မှတ်စုစာအုပ်လေးထဲမှာ ချရေးထားခဲ့လိုက်တယ်။ သည်တစ်ခေါက် လာတက်တဲ့ ပရိသတ်က အမေရိကားမှာ ကျောင်းတက်ဖို့ အမှန်တကယ်ကို စိတ်ဝင်စားပြီး သူတို့ကိုယ်တိုင်လည်း သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို စုဆောင်းပြီးသား ဖြစ်နေခဲ့ကြတယ်။

ပရိသတ်ရဲ့ အနေအထားကို သုံးသပ်ပြီးတာနဲ့ သည်နေ့ ဟောပြောပွဲရဲ့ ရည်ရွယ်ချက်နဲ့ ပါဝင်ဆွေးနွေးပေးသွားမယ့် အကြောင်းအရာတွေကို ရှင်းပြပေးခဲ့လိုက်တယ်။ အဲသည့်နောက် ကောလိပ်ဝင်ခွင့် အက်ဆေးတစ်ပုဒ်ရဲ့ အရေးပါမှုအကြောင်းကို စတင်ဆွေးနွေးခဲ့ပါတယ်။

ကြားထဲမှာ ပရိသတ်ထဲက တစ်ချို့သူတွေအတွက် အသုံးဝင်မယ့် အကြောင်းအရာလေးတွေကို အခါအားလျော်စွာ ဖြည့်စွက်ဆွေးနွေးပေးခဲ့တဲ့အပြင် စကောလားရှစ် အပြည့်ရသွားပြီး လက်ရှိ တက္ကသိုလ်တွေမှာ တက်ရောက်နေကြတဲ့ ချစ်တပည့်တွေရဲ့ အက်ဆေးလေးတွေကို သေသေချာချာ ဆန်းစစ်ဝေဖန်ပြီး ရှင်းပြပေးခဲ့ပါတယ်။