top of page

အမေရိကားမှာ ကျောင်းတက်မယ်ဆိုရင် အပိုင်း (၁)

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ…

သည်တစ်ခါတော့ အမေရိကားက တက္ကသိုလ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ရှေ့လျှောက်ရေးသွားတဲ့ အခါမှာ တက္ကသိုလ်၊ ကောလိပ်စသည်ဖြင့် ရေးတာထက် ကျောင်းဆိုတဲ့ အသုံးအနှုန်းကို သုံးရတာ ပိုအဆင်ပြေတဲ့အတွက် ကျောင်းလျှောက်တယ်၊ ကျောင်းရွေးတယ်လို့ပဲ သုံးနှုန်းသွားချင်ပါတယ် ခင်ဗျာ။ ဒါ့အပြင် အသုံးအနှုန်းပိုင်းဆိုင်ရာမှာ အင်္ဂလိပ်အသုံးအနှုန်းနဲ့အတူ မြန်မာဘာသာပြန် ဝေါဟာရကို တွဲပြီးဖော်ပြပေးသွားမှာ ဖြစ်ပေမယ့် နောက်ပိုင်းတွေမှာတော့ အင်္ဂလိပ်ဝေါဟာရကိုပဲ သုံးစွဲသွားချင်ပါတယ်။ ဒါမှ ကျောင်းတွေရဲ့ ဝက်ဘ်ဆိုက်တွေကို တက်ကြည့်တဲ့အခါမှာပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာကျောင်းတွေကို ဆက်သွယ်စုံစမ်းမေးမြန်းတဲ့ အခါမှာပဲ ဖြစ်ဖြစ် တစ်ဖက်က ဘာကိုဆိုလိုတယ်ဆိုတာကို တစ်ခါတည်း သိရှိသွားနိုင်မှာ ဖြစ်ပါတယ်။ ဆောင်းပါးရဲ့ အဆုံးမှာတော့ သုံးနှုန်းထားတဲ့ အင်္ဂလိပ်ဝေါဟာရတွေကို မြန်မာဘာသာဖြင့် ရှင်းလင်းချက်လေးတွေနဲ့ တွဲပြီးစာရင်းပြုစုပေးထားမှာ ဖြစ်ပါတယ်။

အမေရိကားမှာ ကျောင်းတက်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ အချို့က ကျောင်းစရိတ်ကို အကုန်လုံး ပေးတက်နိုင်သူတွေ ရှိသလို အချို့က တစ်စိတ်တစ်ဒေသလောက်ပဲ ပေးနိုင်တာ ရှိပါတယ်။ တစ်ချို့ကျတော့ ပညာသင်ဆုပါမှ တက်နိုင်တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ကျောင်းအကြောင်း ပြောတဲ့အခါမှာ ကျောင်းလျှောက်သူတွေအတွက် အုပ်စု (၃) စုခွဲပြီး ပြောပြမှ အားလုံးခြုံမိမှာ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ဘယ်အုပ်စုအမျိုးအစားထဲမှာ ပါဝင်နေမလဲဆိုတာကို မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်မှာလည်း ဖြစ်ပါတယ်။

အုပ်စု (၃) စုကတော့

(၁) မိဘထောက်ပံ့စရိတ်ဖြင့် ကျောင်းတက်မည့်သူများ၊

(၂) Permanent Resident (or) Green Card ကိုင်ဆောင်ထားသည့် ကျောင်းတက်မည့်သူများနဲ့

(၃) ပညာသင်ဆု (သို့) ပညာသင်စရိတ်ကူငွေ (Scholarship/Financial Aid) အကူအညီဖြင့် ကျောင်းတက်မည့်သူများလို့ အကြမ်းဖျင်းခွဲခြားထားလိုပါတယ်။

သည်အုပ်စု (၃) ခုနဲ့ ကျောင်းရွေးချယ်ခြင်းက အပြန်အလှန် ပတ်သက်နေတာမို့ ကျောင်းတွေအကြောင်းကိုပြောရင်း ဘယ်လိုကျောင်းတွေက ဘယ်လိုအုပ်စုအတွက် ပိုသင့်တော်တယ်ဆိုတာကို အခါအားလျော်စွာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Public and Private Colleges

(အစိုးရမှ ထောက်ပံ့ပေးသော တက္ကသိုလ်များနှင့် ပုဂ္ဂလိက တက္ကသိုလ်များ) ကျောင်းတွေအကြောင်း ပြောရမယ်ဆိုရင်တော့ အဓိက ၂မျိုးရှိပါတယ်။ အဲဒါကတော့ Public နဲ့ Private ကျောင်းတွေပါပဲ။

Public Colleges တွေကို ပြည်နယ်အစိုးရတွေက နှစ်စဉ်ထောက်ပံ့ကြေးပေးပါတယ်။ Public ကျောင်းတွေကို တက်မယ်ဆိုရင် Resident Rate (ပြည်နယ်တွင်း နေထိုင်သူအတွက် ကျောင်းစရိတ်နှုန်းထား) နဲ့ Out-of-State Rate (ပြည်နယ်တွင်းမှ မဟုတ်သူများအတွက် ကျောင်းစရိတ်နှုန်းထား) ဆိုပြီး ခွဲခြားထားပါတယ်။ နိုင်ငံတကာကျောင်းသားတွေ အနေနဲ့ကတော့ Out-of-State Rate နှုန်းထား တစ်မျိုးတည်းနဲ့ပဲ ပေးချေရပါတယ်။ အမေရိကားမှာ Green Card (or) Citizenship Status နဲ့ နေထိုင်ပြီး ကိုယ့်ပြည်နယ်ထဲက မဟုတ်တဲ့ ကျောင်းတွေကို သွားတက်ချင်သူများ ဆိုရင်လည်း Out-of-State Rate နဲ့ ပေးချေရပါတယ်။

မြန်မာနိုင်ငံကနေ အမေရိကားကို Immigrant Visa ယူပြီး ပြောင်းရွှေ့နေထိုင်လာတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ Resident Rate နဲ့ ကျောင်းတက်ချင်တယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်မှာ တစ်နှစ်အနည်းဆုံး နေထိုင်ကြောင်း အထောက်အထားတွေ ပြသရပါတယ်။ အထောက်အထားတွေကတော့ သက်ဆိုင်ရာပြည်နယ်မှာ နေထိုင်ကြောင်း ပြသနိုင်မယ့် ရေခွန်မီးခွန်ဆောင်ထားကြောင်း ပြသနိုင်မယ့် Utility Bill, Bank Statement, စာကြည့်တိုက်ကတ်ပြား, ဝင်ငွေခွန်ဆောင်ထားကြောင်း အထောက်အထား၊ State ID (သို့) သက်ဆိုင်ရာပြည်နယ်မှ ယာဉ်မောင်းလိုင်စင် ရယူထားခြင်း ရှိမရှိ စတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ ဖြစ်ပါတယ်။

အဲလိုမှ မစောင့်နိုင်ဘူးဆိုရင်တော့ ကိုယ့်စရိတ်နဲ့ကိုယ် ပထမတစ်နှစ်ကို ပြီးဆုံးအောင် တက်ပြီးမှ ကျောင်းကို အကြောင်းကြားလို့ နှုန်းထားပြောင်းပေးဖို့ အသိပေးလို့လည်း ရပါတယ်။ များသောအားဖြင့် တစ်နှစ်စောင့်ပြီးမှ တက်ကြတာများပါတယ်။ အချိန်အလဟဿ မဖြစ်အောင် ကြားထဲမှာ တစ်ချို့က ESL (English as a Second Language) သင်တန်းတွေ တက်လေ့ရှိကြသလို တစ်ချို့ကလည်း ကျောင်းတက်တဲ့အခါမှာ အဆင်သင့်ဖြစ်အောင် Foundation Course တွေ လိုက်တက်ကြတာမျိုးတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ အလုပ်ထွက်လုပ်ပြီး ကျောင်းစရိတ်ရသလောက် စုထားလေ့ ရှိတတ်ကြပါတယ်။

Public College နဲ့ Private College တွေရဲ့ ကျောင်းစရိတ်တွေကို နှိုင်းယှဉ်ပြထားတာ ဖြစ်ပါတယ်။

Private Colleges တွေကိုတော့ For-profit Universities/Colleges လို့ ခေါ်လေ့ရှိပါတယ်။ ကျောင်းစရိတ်ကို ပြောရမယ်ဆိုရင်တော့ Resident Rate ရယ်လို့ မရှိပါဘူး။ ဘယ်ကျောင်းသားပဲလာလာ Out-of-State Rate နဲ့ပဲ ပေးရပါတယ်။ သည်နေရာမှာ စာဖတ်သူအနေနဲ့ Financial Aid (ပညာသင်စရိ်တ်ကူငွေ) အကြောင်း စဉ်းစားမိနေနိုင်ပါတယ်။

Financial Aid ရှိပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံသား (သို့) အမြဲတမ်းနေထိုင်ခွင့် ကတ်ပြား (Green Card) ကိုင်ဆောင်ထားသူ မဟုတ်လျှင် အစိုးရထောက်ပံ့ငွေကို မျှော်ကိုးလို့ မရဘဲ ကိုယ့်စရိတ်နဲ့ကိုယ်ပဲ ပေးရပါတယ်။ ဒါကြောင့် တစ်ဖက်က လှည့်ပြောမယ်ဆိုရင် Private Colleges တွေ ဖြစ်နေပေမယ့်လည်း Citizens (သို့) Green Card Holder တွေအနေနဲ့ အစိုးရက ထောက်ပံ့ကူညီငွေကို လျှောက်ထားလို့ ရနိုင်ပါတယ်။ အဲဒါကို FAFSA (Free Application for Federal Student Aid) လို့ ခေါ်ပါတယ်။ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက်ကတော့ ISFAA (International Student Financial Aid Application) ဆိုတာကို ဖြည့်ရပါတယ်။ မရောအောင် သေချာထပ်ခွဲပြောပါမယ်။

FAFSA ဆိုတာက အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့် Status တစ်ခုခု ရထားပြီးသူများအတွက်ဖြစ်ပြီး ISFAA ကတော့ နိုင်ငံတကာ ကျောင်းသား၊ကျောင်းသူများ ဖြည့်ရတာ ဖြစ်ပါတယ်။ သည်အကြောင်းတွေကို နောက်ပိုင်းမှာ Fianancial Aid ဆိုတဲ့ ခေါင်းစဉ်အသစ်တစ်ခု သက်သက်ဖွင့်ပြီး ဆွေးနွေးပေးသွားပါမယ်။

Difference between Public and Private Colleges

Public နဲ့ Private ဘာကွာလဲ၊ ဘယ်ကျောင်းအမျိုးအစားက ပိုကောင်းလဲ စသည်ဖြင့် သိချင်နေမယ် ထင်ပါတယ်။ သည်မေးခွန်းကို ဖြေရတာ သတိတော့ ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ Public ထဲမှာ ကောင်းတဲ့ကျောင်းတွေလည်း ရှိတတ်သလို Private ထဲမှာ တော်တော်ချာတဲ့ ကျောင်းတွေလည်း ရှိတတ်တာမို့ပါ။ ကိုယ်တက်ချင်တဲ့ကျောင်းကို ရွေးချယ်တဲ့အခါမှာ အောက်ပါအချက်အလက်တွေကို အဓိကထားပြီး ထည့်သွင်းစဉ်းစားသင့်ပါတယ်။

(၁) ကျောင်းရဲ့အဆင့်အတန်းနဲ့ ဝင်ခွင့်ခက်ခဲမှု ဘယ်လောက်ရှိသလဲ (Ranking and Selectivity)

(၂) လိုချင်တဲ့ ဘာသာရပ်ရှိမရှိနဲ့ ဒီကျောင်းက ဘယ်ဘာသာရပ်မှာ နာမည်ကြီးသလဲ (Popular Majors)

(၃) ကျောင်းရဲ့အရွယ်အစားနဲ့ ကုန်ကျစရိတ် (Big/Mid-sized/Small + Cost)

(၄) ကျောင်းရဲ့တည်နေရာက တောနယ်ဖက်လား၊ မြို့ပြလား၊ ဆင်ခြေဖုံးလား (Rural/Urban/Suburban)

(၅) ပထမနှစ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေ နောက်နှစ်မှာ ပြန်လာမလာ (Retention Rate)

(၆) ကျောင်းသားနဲ့ ဆရာဦးရေအချိုးအစား (Student to Faculty Ratio)

(၇) ဘွဲ့ရသည်အထိ တက်ရောက်လေ့ရှိသော အချိန်ကာလအပိုင်းအခြား (Graduating within how many years)

(၈) ကျောင်းပြီးသွားတဲ့ ကျောင်းသားတွေ ဘယ်ကိုသွားလဲ (Where do students go after graduation?) စတာတွေကို သေချာလေ့လာရပါတယ်။

အဲဒါတွေအားလုံးကို U.S Colleges and Universities ဆိုတဲ့ စာအုပ်ထဲမှာ လေ့လာနိုင်သလို အင်တာနက်ကနေ တစ်ဆင့်လည်း သက်ဆိုင်ရာ ကျောင်းတွေမှာ သွားရောက်လေ့လာနိုင်ပါတယ်။ အခုဆိုရင် အချက်အလက်တွေအားလုံးကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း လွယ်လွယ်ကူကူ လေ့လာနိုင်အောင် Collegeboard က လုပ်ပေးထားပါတယ်။ ဒါကြောင့် ကျောင်းလျှောက်တော့မယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Collegeboard ဝက်ဘ်ဆိုက်(www.collegeboard.org)မှာ အကောင့်တစ်ခု လုပ်ထားဖို့ တိုက်တွန်းချင်ပါတယ်။

နောက်ထပ်ဆောင်းပါးမှာတော့ ၂ နှစ်တက်ရတဲ့ Community College နဲ့ ၄ နှစ်တက်ရတဲ့ တက္ကသိုလ်ကောလိပ်တွေကြားက အားသာချက်နဲ့ အားနည်းချက်လေးတွေ အကြောင်းကို အသေးစိတ် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

အားလုံးကို ချစ်ခင်လေးစားလျက်

Yan Aung

Believing is Achieving!!!

Success Prep Education Center

info@successpreptutoring.com www.successpreptutoring.com

Center I 8710, 51st Avenue, 1S & 1R Elmhurst, NY 11373. (347) 642 8393

Center II 59 Lake Street Brooklyn, NY 11223. (626) 464 3058

Center III SPEC MYANMAR 133, Mill Road, Suite 602 Mingalar Taung Nyunt, Yangon MYANMAR. + (95) 9 898 808 869

bottom of page