top of page

အမေရိကားမှာ ကျောင်းတက်မယ် ဆိုလျှင် အပိုင်း (၃)

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ…

အရင်ဆောင်းပါးထဲမှာ 2-Year Community Colleges တွေ အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ သည်တစ်ခါတော့ 4-Year Colleges တွေကို လျှောက်ရင် ဘာတွေလိုမယ်ဆိုတဲ့ အကြောင်းကို အကျယ်တဝင့် ဆွေးနွေးလိုပါတယ်။

4-Year Colleges တွေထဲမှာလည်း Public နဲ့ Private ဆိုပြီး ထပ်ခွဲခြားထားပါတယ်။ ကျောင်းလျှောက်ရတဲ့ လမ်းကြောင်းတွေက သိပ်မကွာတဲ့အတွက် အတူတူပဲ တွဲပြီး ပြောပြပေးသွားပါမယ်။

ကျောင်းလျှောက်တဲ့အခါမှာ အဓိက လိုအပ်ချက် (Requirement) ၅ ချက် ရှိပါတယ်။ အဲဒါတွေကတော့

🔹 High School Diploma & Transcripts (အထက်တန်းအောင်လက်မှတ် အထောက်အထားနဲ့ အမှတ်စာရင်း)

🔹Standardized Tests (အရည်အချင်းစစ် စာမေးပွဲများ)

🔹 Recommendation Letters (ထောက်ခံစာများ)

🔹 Extracurricular Activities (ကျောင်းပြင်ပ လှုပ်ရှားဆောင်ရွက်မှုများ)

🔹 Application Essay & Optional Personal Interview (အက်ဆေးနဲ့ အင်တာဗျူး) စသည်တို့ပဲ ဖြစ်ပါတယ်။

(၁) အောင်လက်မှတ်နှင့် အမှတ်စာရင်း

-------------------------------

မိမိရရှိထားတဲ့ အထက်တန်း ကျောင်းအောင်လက်မှတ်နဲ့ ရမှတ်တွေဟာ အင်္ဂလိပ်လို မဖြစ်ခဲ့ဘူးဆိုရင် နိုတြီ (Notary) ပြန်ဖို့ လိုပါတယ်။ အမေရိကန်နိုင်ငံက ကျောင်းသားတွေအတွက် သက်ဆိုင်ရာ ကျောင်းတွေမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ရှိပြီးသား ဖြစ်တာမို့ High School Transcripts နဲ့တင် လုံလောက်နေပေမယ့် နိုင်ငံတကာ ကျောင်းသားတွေအတွက်ကတော့ အိမ်ထောင်စုဇယားတွေကိုပါ တင်ပြရလေ့ ရှိပါတယ်။ ဒါကြောင့် ကျောင်းလျှောက်ရင် အဲဒီ့ အချက်အလက်တွေကိုပါ နိုတြီပြန်ပြီး တင်ပေးဖို့လိုအပ်ပါတယ်။

(၂) စာမေးပွဲများ (TOEFL/ACT/SAT I/IELTS etc.)

-----------------------------------------------

အင်္ဂလိပ်စကားပြောတဲ့ တိုင်းပြည်မှာ အနည်းဆုံး ၂ နှစ်အထက်နေထိုင် ကျောင်းတက်ခဲ့တာ မဟုတ်တဲ့ နိုင်ငံတကာ ကျောင်းသားတိုင်းဟာ TOEFL (Test of English as a Foreign Language) ကို ဖြေဆိုဖို့ လိုအပ်ပါတယ်။ အခုဆိုရင် TOEFL ဟာ paper-based တင် မဟုတ်တော့ဘဲ computer-based နဲ့ပါ ဖြေဆိုလို့ ရနေပြီ ဖြစ်ပါတယ်။

ACT (American College Testing) ကို အမေရိကားက ကျောင်းတိုင်းနီးပါး လက်ခံပါတယ်။ အမှတ်က 1 ~ 36 အတွင်းမှာ ဖြစ်ပြီး ပါဝင်တဲ့ ဘာသာရပ်တွေကတော့ English, Math, Reading, Science, and Writing (Optional) တို့ပဲ ဖြစ်ပါတယ်။ တစ်ချို့ကျောင်းတွေကျတော့ ACT with Writing လို့ကို အတိအလင်းပြောဆိုပြီး တောင်းခံတာမျိုး ရှိတဲ့အတွက် ဖြေမယ်ဆိုရင်တော့ Writing ကိုပါ တစ်ပါတည်း ဖြေဆိုထားတာ ပိုကောင်းပါတယ်။

SAT (Scholastic Aptitude Test) ကို စကောလားရှစ်လျှောက်မယ့် ကျောင်းသားတိုင်း ဖြေဆိုကြပါတယ်။ SAT I နဲ့ SAT II ဆိုပြီး ထပ်ကွဲပါသေးတယ်။ SAT I မှာ Verbal & Math ဆိုပြီး Section ၂ ခု ရှိပါတယ်။ တစ်မျိုးကို ပေးမှတ် ၈၀၀ နဲ့ စုစုပေါင်း အမှတ် ၁၆၀၀ ဖြစ်ပါတယ်။ SAT II ကိုတော့ Subject Tests လို့ ခေါ်ပါသေးတယ်။ ဖြေဆိုနိုင််တဲ့ ဘာသာရပ်တွေကတော့

▪️ English Literature ▪️ History (U.S. or World) ▪️Language (Chinese, French, Hebrew, German, Korean, Spanish etc.) ▪️ Math (Level 1 or Level 2) ▪️ and Science (Biology-Ecological, Biology-Molecular, Chemistry or Physics)

စတာတွေပဲ ဖြစ်ပါတယ်။

တစ်ဘာသာကို ၂၀၀ နဲ့ ၈၀၀ ကြားမှာ အမှတ်ပေးပါတယ်။ Perfect Score ကတော့ ၈၀၀ ဖြစ်ပါတယ်။

Scholarship လျှောက်မယ်ဆိုရင်တော့ SAT I အမှတ်ကို ၁၃၀၀ အထက်မှာ ရှိစေချင်ပါတယ်။ SAT II အမှတ်ကတော့ ၇၃၀ အထက်မှာ ရှိနေရင် ကောင်းပါတယ်။ SAT I ကို သုံးကြိမ်အထိ ဖြေဆိုနိုင်ပါတယ်။ ၃ ကြိမ်အထက် ဖြေဆိုလည်း ရပါတယ်။ ဒါပေမယ့် ကျောင်းတွေဖက်က သိပ်မကြိုက်ပါဘူး။ အမှတ်ယူတဲ့အခါမှာ ဖြေဆိုတဲ့ အကြိမ်တွေထဲက အများဆုံး အမှတ်တွေကိုပဲ ယူပြီး ပေါင်းသွားတာ ဖြစ်ပါတယ်။ Superscoring လုပ်တယ်လို့ ခေါ်ပါတယ်။

Superscoring is the process by which colleges consider your highest section scores across all the dates you took the SAT. Rather than confining your scores to one particular date, these schools will take your highest section scores, forming the highest possible composite score.

ဆိုလိုတာက မောင်ကျော်ကျော်ဟာ SAT I ကို အောက်ပါအတိုင်း ၃ ကြိမ် ဖြေဆိုပါတယ်။

📝 First Try: Test No. 1 Verbal ရမှတ် 550၊ Math ရမှတ် 690

📝 Second Try: Test No. 2 Verbal ရမှတ် 650၊ Math ရမှတ် 720

📝 Third Try: Test No.3 Verbal ရမှတ် 620၊ Math ရမှတ် 750

Superscore လုပ်ပါမယ်။ မောင်ကျော်ကျော် ဖြေဆိုသမျှထဲမှာ Verbal ရမှတ် အမြင့်ဆုံးက 650 ဖြစ်ပြီး Math ရမှတ် အမြင့်ဆုံးက 750 ဖြစ်တဲ့အတွက် SAT Composite Score ဟာ 1400 ဖြစ်ပါတယ်လို့ အဖြေထွက်ပါတယ်။

SAT II ကိုတော့နာမည်ကျော် ကျောင်းကြီးတွေက ပိုတောင်းလေ့ ရှိပါတယ်။ ဖြေဆိုတဲ့အခါမှာ ဘာသာရပ်တွေကို ရမ်းသမ်းမဖြေဆိုသင့်ပါဘူး။ Math (or) Writing ကို တစ်ဘာသာ အနေနဲ့ ဖြေသင့်ပါတယ်။ ကျန်တဲ့ တစ်ဘာသာကိုတော့ Science ထဲက ဖြေဆိုတာ ပိုကောင်းပါတယ်။ ကိုယ်လျှောက်မယ့် ကျောင်းရဲ့ လိုအပ်ချက်ကိုလည်း မပြတ်ကြည့်ရှုပြီးမှ ဆုံးဖြတ်တာ ပိုကောင်းပါတယ်။ ဥပမာ. စာဖတ်သူဟာ Liberal Arts College တစ်ခုခုကို သွားမယ်ဆိုပါတော့။

Math IC (or) Math IIC နဲ့ U.S History/Global History ဖြေလို့ရပါတယ်။ Engineering ကျောင်းတစ်ခုခုကို လျှောက်မယ်ဆိုပါတော့။ Math IIC နဲ့ Phy/Chem/Bio တစ်ခုခုကို ရွေးဖြေနိုင်ပါတယ်။ တစ်ရက်တည်းမှာ သုံးဘာသာထိ အများဆုံး ဖြေဆိုခွင့် ရှိပါတယ်။

SAT II Subject ကို ၃ ခုထိဖြေထားလည်း အကောင်းဆုံး ရမှတ်ရှိတဲ့ ၂ ခုကိုပဲ ကျောင်းဖက်က ကြည့်ပါတယ်။ မိမိစိတ်ဝင်စားတဲ့ ကျောင်းရဲ့ Testing Requirement ကို ကြည့်ပြီးမှ ဖြေဆိုဖို့ ဘာသာရပ်ကို ရွေးချယ်တာ စိတ်အချရဆုံးပါပဲ။

လောလောဆယ်မှာ ဘယ်ကျောင်းကိုလျှောက်ရမယ်ဆိုတာလည်း မသိ။ နာမည်ကြီးကျောင်းတွေကို စကောလားရှစ်နဲ့ လျှောက်ချင်တယ်လို့လည်း ဆိုတဲ့ ရည်မှန်းချက်ကြီးသူ ကျောင်းသား၊ ကျောင်းသူများကိုတော့ အခုလိုမျိုး Rule of Thumb အနေနဲ့ ယေဘုယျ အကြံပေးချင်ပါတယ်။

▪️TOEFL ကို ၂ ကြိမ်ထိဖြေဆိုပါ။ Paper-Based မှာ ၆၀၀ နဲ့ ၆၅၀ ကြားလောက်ရအောင်လုပ်ပါ။ Computer-Based မှာ ဆိုရင်တော့ ၉၀ နဲ့ ၁၁၀ ကြားရအောင်လုုပ်ပါ။

▪️SAT I ကို ၂ ကြိမ် (သို့) ၃ ကြိမ်ထိ ဖြေဆိုပါ။ ၁၃၅၀ နဲ့ ၁၆၀၀ ကြားရအောင် လုပ်ပါ။

▪️SAT II ကို Math IIC, Physics, Chemistry, Literature, History, Language စတာတွေထဲက ၂ ခု (သို့) ၃ ခုထိ ဖြေဆိုပါ။ ၇၅၀ နဲ့ ၈၀၀ ကြား ရအောင်လုပ်ပါ။

▪️ACT ကိုလည်း ဖြေပါ။ ၃၁ နဲ့ ၃၄ ကြား ရအောင်လုပ်ပါ။ ၃၆ ရဖို့ကတော့ တော်တော်ခဲယဉ်းပါတယ်။ မရလည်း ဖြစ်ပါတယ်။

(၃) ထောက်ခံစာများ

-----------------

မိမိအကြောင်းကို ကောင်းကောင်းသိတဲ့ ဆရာ၊ ဆရာမများဆီမှ ထောက်ခံစာ (၂) စောင် (သို့) ၃ စောင်ထိ လိုအပ်ပါတယ်။ ထောက်ခံစာတစ်စောင်ဟာ သချာင်္ဆရာ၊ ဆရာမဆီက ဖြစ်ဖို့ လိုပြီး နောက်တစ်စောင်ကတော့ Social Science (ပထဝီ၊ သမိုင်း၊ ဘောဂ) (သို့မဟုတ်) Science (ရူပ၊ ဓာတု၊ ဇိီဝ) စတဲ့ ဆရာ၊ ဆရာမများဆီက ဖြစ်ဖို့လိုပါတယ်။ ထောက်ခံစာ (၂) စောင် အနည်းဆုံးလိုပါတယ်။ ကျောင်းတံဆိပ် (Letterhead) အောက်မှာ အင်္ဂလိပ်လို ရေးသားထားပြီး ဆရာ၊ ဆရာမရဲ့ လက်မှတ်ပါရှိရပါမယ်။

ဆရာ၊ ဆရာမတွေသာမကဘဲ High School Counselor (ပညာရေး အကြံပေး) ဆီကလည်း ထောက်ခံစာ ရယူနိုင်ပါတယ်။ ထောက်ခံစာတွေယူတဲ့ အခါမှာ မိမိလျှောက်မယ့် ကျောင်းတွေဆီကို တိုက်ရိုက်ပို့ပေးနိုင်သလို ကျောင်းလျှောက်တဲ့ စာအိတ်ကြီးထဲမှာ အတူတကွ စာအိတ်နောက်တစ်လုံးနဲ့ တွဲထည့်ပြီးတော့လည်း ပို့ပေးလို့ ရပါတယ်။

နောက်ထပ်ဆောင်းပါးမှာတော့ ကျောင်းလျှောက်ရာမှာ လိုအပ်တဲ့ အချက်အလက်များထဲက ကျောင်းပြင်ပလှုပ်ရှားမှုများအကြောင်းနဲ့ အက်ဆေးများအကြောင်းကို အသေးစိတ် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

အားလုံးကို ချစ်ခင်လေးစားလျက်

Yan Aung

Believing is Achieving!!!

Success Prep Education Center

info@successpreptutoring.com www.successpreptutoring.com

Center I 8710, 51st Avenue, 1S & 1R Elmhurst, NY 11373. (347) 642 8393

Center II 59 Lake Street Brooklyn, NY 11223. (626) 464 3058

Center III SPEC MYANMAR 133, Mill Road, Suite 602 Mingalar Taung Nyunt, Yangon MYANMAR. + (95) 9 898 808 869

bottom of page