top of page

အမေရိကားမှာ ကျောင်းတက်မယ်ဆိုလျှင် အပိုင်း (၂)

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။

အရင်ဆောင်းပါးလေးကို ဖတ်ရှုထားသူတွေအနေနဲ့ Private နဲ့ Public ကျောင်းတွေအကြောင်းကို အနည်းအကျဉ်း တီးခေါက်မိပြီလို့ ယူဆပါတယ်။ သည်တစ်ခါ ရှင်းလင်းဆွေးနွေးလိုတာကတော့ ၂ နှစ်တက်ရတဲ့ တက္ကသိုလ်ကောလိပ်တွေနဲ့ ၄ နှစ်တက်ရတဲ့ တက္ကသိုလ်ကောလိပ်တွေကြား ကွာခြားချက်တွေပဲ ဖြစ်ပါတယ်။

၂ နှစ်တက်ရတဲ့ကျောင်းတွေကို Community College လို့ခေါ်ပါတယ်။ Junior College လို့လည်း နောက်တစ်မျိုး ခေါ်တတ်ကြပါသေးတယ်။ ၄ နှစ်တက်ရတဲ့ ကျောင်းတွေကိုတော့ University, College, Institute စသည်ဖြင့် ခေါ်ပါတယ်။

၂ နှစ်တက်ရတဲ့ ကျောင်းတွေအကြောင်းကို အကြမ်းဖျဉ်း ဆွေးနွေးလိုပါတယ်။ 2-Year Colleges တွေကိုမှ တစ်ခါ Public နဲ့ Private ဆိုပြီး ရှိပါသေးတယ်။ သဘောတရားကတော့ တူတူပါပဲ။ Public ဆိုရင် ပြည်နယ်အစိုးရက ထောက်ပံ့ငွေပေးတယ်။ Private ကတော့ For-Profit School တွေပဲ ဖြစ်ပါတယ်။

သည်ကျောင်းတွေကို ဝင်ခွင့်ရဖို့အတွက် သတ်မှတ်ချက်တွေက သိပ်မရှိပါဘူး။ Open Enrollment Policy ကို ကျင့်သုံးပါတယ်။ ဆိုလိုတာက ဘယ်သူလာလာ လက်ခံတယ်။ ဒါပေမယ့် Placement Test ကိုတော့ဖြေရပါတယ်။ အဲသည့် Test မှာ ရတဲ့ Performance Score ပေါ် မူတည်ပြီး Class တွေကို ချပေးတာ ဖြစ်ပါတယ်။ သတ်မှတ်ချက် မပြည့်မီရင် Credit မရတဲ့ Foundation Courses တွေမှာ အရင်တက်ရပါတယ်။

နိုင်ငံတကာကျောင်းသားတွေ ဆိုရင်တော့ TOEFL (Test of English as A Foreign Language) ကို ဖြေရပါမယ်။ အမှတ်သိပ်ကောင်းဖို့ မလိုပါဘူး။ သိပ်ဆိုးဆိုးဝါးဝါး မဖြစ်လှရင် ရပါတယ်။ အမေရိကန်နိုင်ငံမှာ အထက်တန်းတက်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေဆိုရင်တော့ အထက်တန်းအောင်လက်မှတ်နဲ့တင် 2-Year Colleges တွေကို တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ ပေးတဲ့ ဒီဂရီကတော့ Associate Degree လို့ ခေါ်ပါတယ်။ အများစု ပြောကြတာကတော့ ဒီပလိုမာဘွဲ့ရတယ်လို့ ပြောလေ့ရှိကြပါတယ်။

2-Year Colleges တွေကို တက်ရောက်ပြီး လုပ်ငန်းခွင်ထဲ ဝင်ရောက်သွားကြသူတွေ ရှိသလို ဒီပလိုမာရပြီးတဲ့နောက် 4-Year Colleges တွေဖက်ကို ဆက်ပြီးတက်ရောက်သူတွေလည်း ရှိကြပါတယ်။ ကိုယ့်ရဲ့လုပ်ကိုင်နိုင်စွမ်း၊ ငွေကြေးအနေအထား စတာတွေကို ချင့်ချိန်ပြီး လုပ်ကြရတာပဲမို့ ဘာပြီးဘာလုပ်ရမယ်ဆိုတဲ့ ဖော်မြူလာရယ်လို့တော့ မရှိပါဘူး။

4-Year Colleges ဖက်ကို ဆက်တက်ဖို့ ရည်ရွယ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ကတော့ 2-Year Colleges တွေမှာ စပြီးတက်ခဲ့မယ်ဆိုရင် သတိထားရမယ့် အချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ မိမိယူမယ့် ဘာသာရပ် (Courses) တွေဟာ 4-Year Colleges က လက်ခံနိုင်မယ့် Transferrable Credits တွေ ဖြစ်ဖို့ လိုပါတယ်။ အဲလိုမျိုး ချင့်ချိန်တွက်ဆခြင်း မရှိဘဲ ယူချင်တဲ့ ဘာသာရပ်တွေကို ယူခဲ့မယ်ဆိုရင် ကျောင်းပြောင်းတဲ့ အခါမှာ Credit မရတာမျိုးတွေ ရှိလာနိုင်တဲ့အတွက် အချိန်ရော၊ ငွေရော ဆုံးရှုံးရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲလိုမျိုး မဖြစ်အောင် ကာကွယ်နိုင်တဲ့ နောက်တစ်နည်းကတော့ 2-Year College မှာ စတက်ကတည်းက Transfer Program မှာ ဝင်ပြီးစာရင်းပေးသွင်းထားပါ။ အဲလိုဆိုရင်တော့ 4-Year College က လက်ခံမယ့် ဘာသာရပ် (Courses) တွေကိုပဲ ယူခိုင်းမှာ ဖြစ်တဲ့အတွက်ကြောင့် Credit Loss ဖြစ်စေနိုင်မယ့် ကိစ္စမျိုးတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

မေးစရာရှိလာနိုင်တာက ဘယ်လိုမျိုး အနေအထားမှာ 2-Year Colleges တွေကို ရွေးချယ်တက်ရောက်သင့်သလဲ ဆိုတာပါပဲ။

ကျွန်တော့်ဖက်က မေးခွန်းလေးတွေ ပြန်မေးပေးပါမယ်။ အဲသည့်အချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ မိမိဖာသာ မေးခွန်းပြန်ထုတ်ပေးပါ။

(၁) မိမိအနေနဲ့ အမေရိကားမှာ ကျောင်းတက်တော့မယ်ဆိုရင် ဆွေမျိုးသားချင်းတွေ ရှိတဲ့ဖက်မှာ နီးနီးနားနား နေချင်တာလား။

(၂)4-Year Colleges တွေက ပုံမှန်အားဖြင့် စာတွေခက်တတ်တဲ့အတွက် Foundation Courses တွေကို 2-Year Colleges တွေမှာ အရင်ယူပြီးမှ နောက်တစ်ဆင့် ဆက်တက်ချင်တာလား။

(၃) 4-Year Colleges တွေက စျေးကြီးတတ်တာကြောင့် 2-Year Colleges တွေမှာ ခဏတက်ပြီး အလုပ်လည်းလုပ်၊ ပိုက်ဆံလည်းစု၊ အတွေ့အကြုံလည်းရယူပြီးမှ နောက်တစ်ဆင့် ဆက်တက်ချင်တာလား။

(၄) 4-Year Colleges တွေကို တက်မယ်ဆိုရင် ပြင်ဆင်ရမယ့် TOEFL, SAT1, SATII (Optional), ACT စတဲ့ စာမေးပွဲတွေကို မဖြေချင်တဲ့အတွက် TOEFL လောက်ပဲ တောင်းတဲ့ 2-Year Colleges တွေကို အရင်တက်ချင်တာလား။

(၅) လက်ရှိမှာ မိမိဟာ Full-time အလုပ်လုပ်နေတဲ့အတွက်ကြောင့် ညနေပိုင်းတွေမှာ ကျောင်းတက်လို့ရတဲ့ 2-Year Colleges တွေကို တမင်ရွေးချယ် တက်ရောက်ချင်တာလား။

(၆) စကောလားရှစ်တွေလျှောက်ဖို့လည်း သိပ်စိတ်မဝင်စား၊ ဖြေဆိုရမယ့် စာမေးပွဲ SAT ကိုလည်း မဖြေချင်တဲ့အပြင် မိဘဖက်ကလည်း ထောက်ပံ့မှု အပြည့်အဝပေးနိုင်တဲ့အတွက် 2-Year Colleges တွေမှာ ကျောင်းတက်ချင်တာလား။

အဲဒါတွေနဲ့ တစ်ချက်မဟုတ် တစ်ချက် ကိုက်ညီခဲ့တယ်ဆိုရင်တော့ 2-Year Colleges တွေကို စတင်တက်ရောက်ဖို့ အကြံပေးချင်ပါတယ်။

အားလုံးကို ချစ်ခင်လေးစားလျက်

Yan Aung

Believing is Achieving!!!

Success Prep Education Center

info@successpreptutoring.com www.successpreptutoring.com

Center I 8710, 51st Avenue, 1S & 1R Elmhurst, NY 11373. (347) 642 8393

Center II 59 Lake Street Brooklyn, NY 11223. (626) 464 3058

Center III SPEC MYANMAR 133, Mill Road, Suite 602 Mingalar Taung Nyunt, Yangon MYANMAR. + (95) 9 898 808 869

bottom of page